International News

အသားထုတ်ကုန်များ တင်သွင်းနိုင်ရန် ရုရှားမွေးမြူရေးလုပ်ငန်းများကို အိုမန်နိုင်ငံက စစ်ဆေးခဲ့

Last Updated:

အိုမန်နိုင်ငံမှ ကိုယ်စားလှယ်များသည် အသားထွက်ကုန်များတင်သွင်းနိုင်မှု တိုးမြှင့်လာစေရန် ရုရှားမွေးမြူရေးလုပ်ငန်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ယေဘုယျအားဖြင့် ၎င်းတို့သည် ရှရှားနိုင်ငံမှ အသားထွက်ကုန်များတင်သွင်းရုံသာမက ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းပါ စိတ်ဝင်စားလျက်ရှိကြောင်း ရုရှား-အိုမန်စီးပွားရေးကောင်စီ၏ အမှုဆောင်ဒါရိုက်တာ Mr. Vladimir Dergachev က RIA သတင်းဌာန၏ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အိုမန်နိုင်ငံ၏စိုက်ပျိုးရေးဝန်ကြီးက ရုရှားနိုင်ငံမှ မွေးမြူရေးတိရစ္ဆာန်များ(ကျွဲ၊ နွား)တင်သွင်းရန်သာမက နိုင်ငံတွင်း၌ စည်သွပ်ဗူးလုပ်ငန်းများ ထုတ်လုပ်ရာတွင်လည်း  စိတ်ဝင်စားမှုရှိကြောင်း၊ ရုရှားနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာအသစ်များ၊ သိုလှောင်ရုံများတည်ဆောက်ခြင်းဆိုင်ရာ နည်းပညာများ၊ ကောက်ပဲသီးနှံနှင့်ပတ်သက်သည့် ပူးတွဲကုမ္ပဏီတည်ထောင်ခြင်းလုပ်ငန်းများလည်း စိတ်ဝင်စားလျက်ရှိပါကြောင်း ပြောကြားခဲ့ဖူးသည်ဟု Dergachev က မှတ်ချက်ပြုသည်။ အိုမန်နိုင်ငံအနေဖြင့် အေးခဲတူနာငါးများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး ကမ်းလှမ်းထားပြီး ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားထားသည်။ သို့သော်လည်း ၎င်းတို့ဆောင်ရွက်မည့်ကိစ္စရပ်များသည် အကောင်အထည်ပေါ်လာနိုင်ခြင်းမရှိသေးပါကြောင်း Dergachev ပြောကြားခဲ့သည်။

Dergachev မှ ထိုကဲ့သို့ရပ်တန့်နေသည့်ကိစ္စရပ်များ အကောင်အထည်ပေါ်လာစေရေး ၎င်းအနေဖြင့် အလေးပေးစဉ်းစားလျက်ရှိပါကြောင်း၊ လက်ရှိတွင် အသားထုတ်ကုန်များတင်ပို့မှု တိုးမြင့်လာစေရန်အတွက် အိုမန်နိုင်ငံ၏အသိအမှတ်ပြုလက်မှတ်များရရှိရန် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အိုမန်နိုင်ငံသည် ရုရှားနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ အထူးသဖြင့် သကြား၊ နို့ထွက်ပစ္စည်း၊ ဆန်နှင့်မုယောစပါး အစရှိသည်တို့အား တင်သွင်းခဲ့ပြီး ယခုအချိန်ထိ ဆက်လက်တင်သွင်းလျက်ရှိပါကြောင်းနှင့် အစဉ်အမြဲလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း Dergachev မှ အလေးပေးပြောကြားခဲ့ပါသည်။

Source : https://ria.ru/20230701/oman-1881614224.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

Category: International News